This is span tag class This is span tag id -->

မင်းခိုင်မြဲ

Monday 2 April 2012

" မာယာကော့ဖ်စကီး' လို ၀ါကျတစ်ကြောင်း"

(၁)

ငါ့နှလုံးသားက သူ့အံသွားပေါ်ရောက်နေတယ်

ရင်ဘတ်တစ်ခုလုံး တင်းခနဲဖြစ်သွားအောင်

ဘယ်တေးသွားနဲ့ ကခုန်သွားသလဲ။

(၂)

ဟော..

နံနက်ခင်းကလည်း ဆံပင်ရှည်ရှည်ကိုလွှမ်းခြုံလို့

မြူနှင်းရဲ့ အလင်းကြောင့်

တောင်တစ်လုံး ငိုနေတာ သူမမြင်ခဲ့ဘူး။

(၃)
မမြင်ဘူးဆိုတာလဲ မကြည့်ခဲ့လို့ပါ

မကြည့်ခဲ့ဘူးဆိုတာလည်း မမြင်ချင်လို့ဖြစ်ပါလိမ့်မယ်

ရင်ထဲကနာတိုင်း ပြုံးပြဖူးတော့

အဲ့မနက်ဖြန်က ချောင်းရိုတ်ခံရမှုအတွက်


အပြုံးထက်ရေတွင်းပျက်ပါ တက်ချိတ်သွားတယ်။



(၄)
အထိမ်းအမှတ်ဆိုတာလည်း

ပြေးကန်ဖို့ကောင်းတဲ့ဘောလုံးလိုပါ

ရုပ်ကြွင်းဆိုတာ ထွက်ခွာခြင်းရဲ့ပြယုတ်

သတိရခြင်းဆိုတာ ရင်ဘတ်ထဲကမီးအိမ်ပဲ။


 (၅)

ကဲ..မင်းပျော်သွားပြီမို့လား..


ချော်လဲတာကိုရောမထိုင်ပါနဲ့

မထူးတာတွေကို

 လောကကြီးက ထူးပြသွားပြီ


ကောင်းကင်ကြီးကလည်း မင်းလိုမျိုး

နေတစ်ပွင့်၊လတစ်ပွင့်ပန်လို့

ဒါတောင်ကဗျာတစ်ပုဒ်နဲ့

ငါ့ရင်ဘတ်ကို  မြင်းလိုမဟီးဖို့

ဘယ်ကြိုးက တုတ်နှောင်သွားသလဲ။

(၆)
အလို..

နောက်ကအော်ဟစ်လိုက်တဲ့

ငါ့ အသံက နှလုံးသားကိုကုတ်ဆွဲ

'မာယာကော့ဖ်စကီး' လို ၀ါကျတစ်ကြောင်း ရွှတ်ဆိုချင်မိ...။      ။



                                                                               မင်းခိုင်မြဲ