This is span tag class This is span tag id -->

"မင်းခိုင်မြဲ"

Wednesday, 27 March 2013

"လေယာဉ်ပျံကြီး စီးကာသွား ရေကူးပြီး ကျွန်တော် ပြန်လာခဲ့"(ခရမ်းပြာထက်လူ)

သိပ်သည်းတဲ့ညအမှောင်ရဲ့ ရွှံ့စေးနုန်းနဲ့ နွံထဲက

ကုန်းရုန်းထလာတဲ့ မော်တော်ကားများ အတောင်ပံများနဲ့

ဝဋ်ကြွေးများ

ဝဖိုင့်ဖိုင့်မြက်ခြောက်လို

နာလန်ထခါစ မီးတောက်လို

မြို့တွေ မြစ်တွေ ပင်လယ်နဲ့တောင်တန်းတွေ

နယ်နိမိတ်မျဉ်းကြောင်းတွေ ဖြတ်ကျော်လို့

ဒုက္ခတွေ တာလွှတ်လိုက်သလို

မြင်းတွေမောင်းသွင်းလိုက်သလို

ငါတို့လာခဲ့ကြ။

ဒီလိုတော့မဟုတ်ဘူး။

စပိန်တွေ ပြင်သစ်တွေ အင်္ဂလိပ်တွေ ဂျာမာန်တွေ

စတဲ့ အဖြူကောင်တွေ ရေကြေမြေကြော

ရေနံကြောရှာသလို

ဒီလိုတော့မဟုတ်ဘူး။

သွားဆရာဝန်နဲ့တွေ့ဖို့

အာဟာရချို့တဲ့ မမွေးနိုင်မဖွားနိုင်ဖြစ်သမို့

အင်ဒိုတွေ မလေးတွေ ဘင်္ဂလားတွေ ဖီလစ်ပင်းတွေ

လာသလို

ငါတို့လာခဲ့ကြ

အလေအလွင့်သစ်ရွက်လို

“ငါ့ရှေ့ ထွက်သွားစမ်း”

မင်းဟာသစ်သားထဲမြုပ်ဝင်နေတဲ့ သံပဲ

“ရှေ့တမံသလင်းပေါ် လဲသေနေတဲ့ ဟေ့ … ငရဲသား”

မင်းဟာမီးတောက်ကို လှမ်းလှမ်းဟပ်နေတဲ့ ထင်းရှူးသားပဲ

ငါးပြားစေ့ ငါးမူးစေ့ ငါးကျပ်တန်တစ်ရွက်လို

ငါဟာလိမ့်သွားပေါ့ ငါတို့ဟာ လွင့်သွားပေါ့

ငါ့မျက်ရည်တွေပေါ်မှာ လှေတွေမှောက်နေတယ်

ငါ့ပါးပြင်တောင်ကုန်းတွေပေါ်မှာ သစ်ပင်တွေတဘိုင်းဘိုင်း

လဲကျ

ငါ့ပါးစပ်ထဲက ရေတွေ မီးတောက်တွေတဝေါဝါအန်ထွက်

ငါ့ဆံပင်ထဲမှာ ဒုက္ခတွေသန်းနဲ့ချီ

သန်းတွေလို တရွရွသွားလာလို့

ငါ့ပုခုံးပေါ်မှာ ကမ္ဘာလုံးကြီး နေလုံးကြီးလို လည်ပတ်လို့

ငါလာခဲ့တယ် ငါနဲ့ငါတွေလာခဲ့ကြ အဲဒီနေရာက

ညီလေးရေ ခုတော့

ဒီအခန်းထဲမှာ ငါနဲ့ငါတွေ

စူးတွေ ဆောက်တွေ လွှတွေနဲ့

ထွင်းထုကိုက်ဖြတ်ခံထားရတဲ့ လက်ပြတ်ခြေပြတ်ခေါင်းပြတ်

တွေလို

မပြီးဆုံး/မစရသေးတဲ့ ရုပ်တုတွေလို လဲလျောင်း

ခေါက်ဆွဲခြောက်အစည်းတွေ

စုစည်းသိုလှောင်ထားတဲ့သေတ္တာတစ်လုံးလို

ဒီအခန်းထဲ ငြိမ်ဆိတ်

သက်ပြင်းတစ်ချက်ပြုတ်ကျလာတိုင်း

ပြုတ်ထွက်နေတဲ့ အရိုးအဆစ်တွေ

ပူလိုက်တာကွာ ဟိုလှည့်ဒီစောင်း

ငါ မြောင်းထဲရောက်ပြီလား

ဟိုတွေးဒီတွေး ငါကမ်းနဲ့ဝေးပြီလား

ငါ့အတွေးဟာ ငါ့အသက်ကိုလုပ်ကြံဖို့အထိ ကမ်းလှမ်း

အသက်ရှူသံတွေ

လိုရာစမ်းမတွေ့တဲ့ဒီလိုညမျိုး

ဆေးပေးမီးယူ တယ်လီဖုန်းခေါ်သံတွေနားစွင့်

ငါ့ကို သစ်ပင်ပေးပါ

ငါ့ကို စမ်းချောင်းပေးပါ၊ ငါ့ကို

ပါမစ်ပေးပါ၊ ငါ့ကို ငါးကင်တစ်ကောင်နဲ့

အရက်ပြင်းပြင်းတစ်ခွက် ပေးပါ၊ ငါ့ကို

ငါ့အမေကိုခေါ်ပေးပါ၊ ကယောင်ချောက်ချား

လမ်းဟာ ကျကွဲလေပေါ့၊

ငါတို့

အာရုံကြောတွေ အဆမတန်ပွင့်ကာ

မျက်လုံးတွေ မီးဖွင့်မောင်းလို့

တုန်ယင်စွာ

အလုပ်ကြော်ငြာ သတင်းစာကို ကိုင်လို့

ထိုင်နေသလား ထနေသလား လမ်းထလျှောက်နေသလား

စီးကရက်ပြာကို ခြွေမိသလား၊ မသေချာ

ဆိုဖာခုံတွေနဲ့ စားပွဲခုံစောင်းတွေမှာ ငိုက်မျဉ်း

မသာကောင်တွေလို တို့လို့တွဲလောင်း

ဟိုတစ်စ သည်တစ်စ ထင်ရှူးသားအစတွေ

ပြန့်ကျဲနေ သလို

အခန်းရဲ့ထောင့်မှာ

ဖဲ ၃ ချပ်ဖြတ်လမ်းနဲ့ အခြေအနေကိုဆွဲဆန့်

ဖြစ်သလိုဖြုန်းတီးပစ်နေတဲ့ ပြေရာပြေကြောင်းတွေ

ပြီးရင်ပြီးရော မူးယစ်ခြင်းကို ပြောင်းရွှေ့ပစ်နေတဲ့

ပေါ့ပါးခြင်းတွေ

သေမလို ရှင်မလို သွားနေတဲ့စက္ကန့်လို

ဆားလိုနေတဲ့ ဆာလောင်မှုတွေ

လမ်းမကိုစူးစိုက် စိုက်ထားတဲ့အရင်းအနှီးတွေ သတိရ

သူ မကြောက်ကြောင်း ပြတင်းပေါက်မှာလေချွန်လို့

ပန်ကာလေဟာ

အခန်းရဲ့အပူချိန်ကို ကုန်အောင်မစုပ်ထုတ်နိုင်

လက်ညှိုးနဲ့လက်မကြား

ဆုပ်ကိုင်ထားတဲ့ ဖောင်တိန်တစ်လက်ဟာ

ရှိသမျှသွေးကိုအန်ထုတ်

စာရွက်က စကားလုံးကို မစုပ်ယူနိုင်

အလွမ်းဟာ တစ်ဆို့

အနာဂတ်ဟာတစ်ဆို့ ဆို့နဲ့ရိုက်ဖွင့်လို့မရ

သစ်ရွက်တွေ တွန့်လိမ်ကော့ပျံနေသလို

ခန်ဓါကိုယ်တွေ ည ၁၂ နာရီ ၁ ချက် တွန့်လိမ်ကွဲအက်

အသက်ကို ဝအောင်ရှူ

ကယောင်ကတမ်း အရက်ကိုမျှသောက်

ချောက်ချားမှုကို ဖျောက်ထားရတယ်။

လူတိုင်း လကို ကျော်ပြီး ကြည့်နေကြ

အလွမ်းကို အသင့်အနေအထားကိုင်လို့

အသက် ၃၀ ကျော် ၄၀ ဝင်ကြီးက

အမေ့နို့ပိန်ကိုလွမ်း အမေ့အားကို တဖျန်းဖျန်းတမ်းတ

“အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်

တိတ်တဆိတ်ရောက်လာတယ်”

အဲဒီလို အလုပ်အကိုင်မရှိတဲ့အခါ

၂၄ နာရီ မြေကြွက်တွေလို ခိုအောင်း

ခေါင်းကို အခန်းထဲလှိမ့်သွင်းထား

လေမချွန်ရဲ လက်မပြရဲ

ပြတင်းပေါက်အပြင်ဘက် အစွန်းမထွက်ရဲကြဘူး

ငါတို့ဟာ အကျယ်ချုပ်ချုပ်ခံထားရသလို

အဝတ်စုတွေလို ဟိုနေရာ ဒီနေရာ

စားပြီးသား ပန်းကန်တွေ စုပုံထားသလို ဆန်းပုံများ

ဆိုပါတော့

ငါတို့ဟာ တန်ဆာမဲ့ကြတယ်

ငါတို့ဟာ ဗီဇာမဲ့ကြတယ်

ငါတို့ဟာ လွတ်လပ်ရေးမဲ့ကြတယ်

ငါတို့ဟာ စိတ်လွတ်ကိုယ်လွတ် မသမ်းဝေနိုင်

မိဝေး ဖဝေး

ပန်းခြံထဲ ဆင်းမငေးနိုင်

စားသုတ်သုတ် ပြန်သုတ်သုတ်

စုပ်တသပ်သပ် အစုတ်အပြတ်

ဆုတ်ဖြဲထားတဲ့ စက္ကူအပိုင်းအစတွေလို

ဘီယာတစ်ခွက်မှာ

ကော်ဖီတစ်ခွက်မှာ စိတ်တချောက်ချောက်

နောက်ကျောဖောက်ဝင်လာမယ့် ဓားစောင့်နေရသလို

လမ်းတွေပေါ်မှာ

ကားမှတ်တွေနဲ့ MRT ဘူတာရုံတွေမှာ

မျက်လုံးလို ချွတ်ချမထားရဲ

အမြဲကောက်စီးထားရတယ်

သတိနဲ့၊ သတိမရှိတဲ့အခါ

ဒီမှာ အငြိအစွန်းကိုဖြုတ်လို့မရ

အမေ့ရဲ့သားကောင်းဘဝမှ

လောကသားကောင်ဘဝကို ကူးပြောင်း

ရေစီးကြောင်းပြောင်းရတယ်

တစ်ယောက်နဲ့တစ်ယောက်တွေ့ရင်

အဆင်ပြေသလား

ဆက်ပြီးစွမ်းဆောင်နိုင်သေးသလား

ကံစိတ်ဥတု အာဟာရ

ကျေနပ်စရာ ကျန်သေးသလား

ဘုရားနဲ့ တရားနဲ့ ဇာတိမြေနဲ့

ငါတို့ဒဏ်ရာများကို မမေ့နဲ့

တွေ့ရင် မတန်တဆအားပေး၊ ဒီမှာ

မတန်တဆ သွေးတွေ အစုပ်ခံရတာ

မေ့ထားကြသေးတယ်

ဒီလ ဘယ်လောက်ပို့လိုက်ပြီလဲ

ငွေစက္ကူတွေမှာ ချွေးတွေရွဲလို့

ရွှဲနေတဲ့ ချွေးတွေပေါ်မှာ

အန္တရာယ်ဟာ ပုန်းအောင်းလို့

ငါ ဒေါသဖြစ်မိတာက

လေယာဉ်ပျံကြီးစီး မြို့ကြီးထဲဝင်ပြီဆိုတာနဲ့

အားလုံးအဆင်ပြေ ဆင်တွေ မြင်းတွေ စိန်တွေ ရွှေတွေ

အသေအလိုက်ခံရသလို ဘုမသိ ဘမသိ

ဘင်ပေါ်က တုန်ခါနေတဲ့ဖုန့်မှုန့်ရဲ့

နေခြင်းတရားကို မသိ

ကွန်တင်နာအဟောင်းထဲ

ကြွက်တွေလို ဒီမှာနေ ဒီမှာစား၊ ဒီမှာ

ဗုံးခိုကျင်းလို၊ ဒီမှာ

ကိုယ့်သေတွင်း ကိုယ်တူးထားသလို

နွံလည်းနစ် ကျွန်လည်းဖြစ်ခဲ့တာကို မသိကြ

ဒါ၊ ငါ့သားရဲ့ ငါ့ကားလေ

ငါ့စကားနားထောင် ငါ့နားတောင်း တပြောင်ပြောင်

ငါ့သား အသက်ပေါင်ထားရတာ ထည့်မပြော။

ခြေတစ်ဖက် ငါးမန်းအကိုက်ခံထားရသလို

ယိုဆင်းနေတဲ့ နေ့များ

၁၀ ထပ် ၁၅ ထပ် ဆင်းလိုက်တက်လိုက်

သံဖရိန်တွေ ဆေးပုံးတွေနဲ့ ဧရာမမှန်ချပ်ကြီးတွေ

တနင့်တပိုး သယ်တင်သယ်ချ

ဘယ်ဘဝ အဆက်လဲ

ခြေတစ်ဖက်ဟာ စစ်ပွဲမှာ မိုင်းနင်းမိသလို

ကြာတော့ ဒရွတ်ဆွဲ အခက်အလက်တွေကို

ခက်ခက်ခဲခဲ ခဲထားကြ၊

ငါ့သားဟာ ခုဆို ဆိုသလောက်ခရီးပေါက်

ခေါက်ချရင် အရိုးမှကျန်ပါတော့မလား သူတို့မသိ

အမှတ်တမဲ့တွေးခေါ်

သေနတ်ပစ်သလို လွန်သွားတွေနဲ့

ရှေ့နံရံထုကြီးကို ထိုးခွ

ဆွလို့သမျှ ဆယ်ပေါင်တူတစ်ချောင်းနဲ့

တဒိုင်းဒိုင်းမြည်အောင် ဖြိုချ

အဲယားကွန်းပိုက်လိုင်းတွေဆင်ဖို့

အပေါက်တွေဖောက်ရ

ပေါက်ထွက်လာတဲ့ ငါတို့အရေးပြားအောက်ကချွေးတွေ

စောင်တစ်ထည်လိမ်ကျစ် ညှစ်ထုပ်လိုက်သလို

နဖူးကချွေး ခြေမကျ

အဲဒီစကားဟာ လူရာမဝင်

ငါတို့ဟာ ကျောက်တောင်

ငါတို့နဖူးပေါ်က ရေတံခွန်စီးကျသလို

ချွေးဆိုတာ အဲသလိုရွာကျ

မချလို့မရဘူး ကိုယ့်လူ

လူဆိုတာ ဖြုတ်လိုက်တပ်လိုက်

ဖြုတ်တဲ့အထဲ ငါတို့ပါသွားရင် အစုတ်အပဲ့လို

နေရေးထိုင်ရေး သွားရေး လာရေး လမ်းဘေးပဲ

ဒါတွေကိုလည်း သူတို့မသိ

သူတို့မသိတဲ့ ငါတို့ဟာ

ပိုက်ဆံတွေလည်း မီးရှို့ရတယ်

လူသေတွေလည်း ရေချိုးပေးရ

ကျွန်းတစ်ကျွန်းပေါ် မွန်းတည့်ငရဲလည်းခံရ

ဘာသာစကားတွေ ဗွက်ပေါက်

တဒေါက်ဒေါက် ဖြတ်လျှောက်နေတဲ့ ကြမ်းပြင်ပေါ်

စကတ်တွေ လွင့်ဝဲ

ပေါင်သား ဖြူဖြူ ညိုညိုတွေအောင်

လွှတိုက် လှီးဖြတ် ကော်ပတ်စား

အိမ်မှာတော့ သူဟာ အင်ဂျင်နီယာကြီးပေါ့

ခုတော့ သူဟာ ရေကူးကန်ကိုတူးလို့

မြက်ရိုင်းတွေကို ရှင်းလို့

ရပ်ကွက်ထဲမှာတော့ သူဟာ ဂုဏ်သရေရှိပေါ့

ခု သူဟာ အမှိုက်အစအနတွေ ရှင်းလို့

အိမ်သာတွေဆေးကြောလို့

တစ်ခါတလေတော့ လေလွင့်ဖိတ်စင်

နိုက်ကလပ်တွေ၊ ဒစ္စကိုကပွဲတွေနဲ့

Girl Friend တွေ Country Style တွေနဲ့

အရိုးခေါင်းခါးပတ်တွေ သိန်းငှက်မျက်လုံးတွေနဲ့

မြို့ကြီးထဲထွက်လာ မြို့ကြီးကို မျိုတော့မယ့်အတိုင်း

ကမ္ဘာကြီးကို ရှေ့တည့်တည့်က ဝင်တိုက်တော့မယ့်အတိုင်း

ငါတို့ဟာ ငေးမော ငေါထွက်နေတဲ့ နတ်ဘုံနတ်နန်းတွေ

ဘီကီနီတွေ ဝိုင်အရက်တွေ မိုးခြိမ်းသံတွေ

တရားဝင် လိင်ဆက်ဆံရေးဌာနတွေ

ကိုယ့်လူရဲ့

ဒီမှာ တစ်ည ၅ဒေါ်လာ ပေးအိပ်နေရတဲ့ကောင်တွေလည်းရှိ

ဘာသာစကား ၃၊၄မျိုးနဲ့

ငိုယိုပေါက်ကွဲနေတဲ့ကောင်လည်းရှိ

Goodbye ကျွန်တော်မရတော့ဘူး

ပြန်တော့မယ်ဆိုတဲ့ကောင်လည်းရှိ

ဒီမှာ၊ မနက် ၅နာရီ ဝေလီဝေလင်း

သူများ အသားတုံး အပေါ်ယံရှပ်လှီး

သူများအသီးအရွက် သူများအဆီအသား

ရောသမမွှေ ပြေးထွက်သွားတဲ့ အကောင်လည်းရှိ

ရေခဲသေတ္တာထဲမှာ ဝက်တစ်ခေါင်းလုံး ၇ ဒေါ်လာ

ပန်းသီးတစ်လုံး ဆင့် ၅၀

ကြက်ဥတစ်ကဒ် ကော်ဖီမစ်တစ်ထုပ်

အလုပ်မရှိ အလုပ် Gameတဲ့အခါ

ခေါက်ဆွဲခြောက်နဲ့ ဆီထိုး

ကိုယ့်အင်ဂျင်ကိုယ်ပြန်နှိုးရတဲ့ အခန်းတွေပြည့်လို့

ကံတရား

ကံတရားက ကံ ကစားလွန်း

အိမ်မှာ လဲမှိုတွေလို လွင့်ခဲ့သမျှ

ရေတစ်ပုံးမဆွဲ ထင်းတစ်ချောင်း မခွဲခဲ့သမျှ

ဒီမှာ သံတုံးသံခဲ လည်ပင်းဆွဲထားရသလို၊ လေးလံ

လေးဘက်လေးတန်က အသံတွေနားထောင်

နောင်တမရှိ၊ တစ်ပဲတစ်ရွေး လွှတ်လို့မရ

အလုပ်ရမှ အလုပ်ရှိမှ

နေ့ညအလုပ် လုပ်ရမှ

အလုပ်ရမှ ပြုတ်မကျမှာ

ဆိပ်ကမ်းမှာ ဘောတံတားမှာ သင်္ဘောသံချေးခွာမလား

ရတယ်

ည ၉ နာရီ ၁၀ နာရီ ဘတ်ဒေးမှာ Part timeဆင်းမလား

ရတယ်၊ စားပွဲထိုး၊ ကားရေဆေး၊ ဆေးသုတ်သမား

ကုန်တင်ကုန်ချ အလုအယက်

“Yes or No” ၂ခုနဲ့သွား၊ ရတယ်

ဒီမှာ အေးဂျင့်တွေ ပွဲစားတွေ

ကိုယ့်အသားထဲက ပြန်ထွက်ကျလာတဲ့ လောက်တွေ

တစ်နေ့(ဒီတစ်နေ့အကြောင်းပြန်ပြောရရင်)

ခင်ဗျားနဲ့တွေ့ရတာ ဒီနေ့အဖို့

ဘုရားသခင်နဲ့ ဆုံလိုက်ရသလိုပဲ

ဝမ်းသာအားရ သင်္ဘောသားအိုကြီး

အလုပ်မရှိ လမ်းမပေါ်မှာ လမ်းရှာနေတုန်း

အလုပ်ရှိသူနဲ့ ပက်ပင်းတိုး ရော့ ရှိသမျှ အစိမ်း ၁ဝဝ

နေစရာ ထိုင်စရာ မနက်အလုပ်ဆင်းရမယ့်နေရာ၊ ကဲ

Follow me ငါ့နောက်လိုက်ခဲ့၊ ပွဲစားက ပွဲပြတဲ့အခါ

တစ်နေရာရာမှာ အားလုံးစုဝေး မနက်ဖြန်ကိုတွေးမျှော်

ပျော်ရွှင်စွာ သောင်တင်နေတုန်း

ညမှာ “ယပလက်” တစ်ကောင်

စားသောက်ဆိုင်မှာ သောင်းကျန်း ငါတို့နေခဲ့တဲ့အိပ်ခန်း

ရဲတွေ အိမ်လိုက်ဖမ်းတော့ ဗြုန်းခနဲ ဘာလုပ်ရမှန်းမသိ

သေသူရောရှင်သူပါ ဘုရားတ Passportတွေထုတ်ပြ

“ဘိုင်ဘွတ်ခ် အိုင်ဘွတ်ခ်”

ရယ်ရမလိုလို ငိုရမလိုလို ရဲရှေ့မှာဒူုးထောက်

အယောင်ယောင်အမှားမှား ပါးအရိုက်ခံရသူနဲ့ ရှုပ်ထွေး

သကောင့်သားတွေရဲ့ သနားကြင်နာမှုမှာ

“ခင်ဗျားအသက်ကြီးပြီ”

စောစောက သင်္ဘောသားအိုကြီးလည်း

ကံတရားနဲ့ လွတ်မြောက်လမ်းပေါ်ပြန်ရောက်သွား

ဒါ ဘုရားသခင်ရဲ့လှည့်စားမှု

ပွဲစားက ဘုရားသခင်ကို လူယုံလွှတ်ကာခိုင်းစေမှု

ဒီလိုနဲ့ လူစုကွဲသွားတယ်

ခက်တာက ဒီမှာ

ရွှေရွှေချင်း ရှင်းလို့မရ

ရွှေရွှေချင်း နမ်းလို့မရ

ရွှေရွှေချင်း ဝေးဝေးနေမှ

အမြီးကျက် အမြီးစား

ခေါင်းကျက် ခေါင်းစား

ကားအစည်းပြေသလို တစ်ယောက်တစ်လမ်း

တစ်ယောက်ကိုတစ်ယောက် စမ်းတဝါးဝါးရှိကြ

အဆဲအဆိုခံ အဆုံးအရှုံးခံ

နံရံတွေများလာတဲ့အခါ

ကျွန်တော်ပြန်တော့မယ်၊ ဒီထက်

နံရံတွေနံစော်လာတဲ့အခါ

လမ်းဘေးမှာ

တရားမ၀င် စီဒီချပ်တွေရောင်းလို့

မိုက်ကြေးခွဲ ဂိုဏ်းစတားတွေနဲ့သတ်ပုတ်လို့

လေလွင့်ကြ

ကိုယ့်အဓိပ္ပာယ်ကိုယ် ဖျက်ဆီးကြ

တံမြက်စည်းတစ်ချောင်းလောက်မှ

ဆောက်တည် စစ်ယူလို့မရတော့တဲ့အခါ

ငါးယူမလား ငွေသာအဓိက အမှောင်မှာ စွမ်မိကြ

ဘာမှမစဉ်းစားမိကြတော့ဘူး

အဲဒီလို နံရံတွေ ဒီထက် နန့်နန့်တတ်လာတော့

Police Station တွေရှေ့ ဖြတ်လျှောက်၊ ကိုယ့်ကိုယ်ကို

အမိအရ တည်ပေးလိုက်ပုံတွေ

ရေခဲသေတ္တာထဲက သစ်သီးများ

ခလုတ်တစ်ချိတ်နှိပ်၊ ခေါင်းတစ်ချက်ပုတ်

ပြေးဆင်းလာတဲ့ အချိုရည်ဘူးများ၊ အရသာမရှိ

ပြေးရလွှားရ အရသာမရှိ

အရသာများဟာ အရသာမရှိ

အရာအားလုံး အရယူဖို့ပဲစဉ်းစား အရသာမရှိ

လှပါရဲ့ မြို့တော်ဟာ

အိပ်မက်ထဲကနန်းတော်

မိန်းမတွေဟာ

ဒဏ္ဍာရီထဲက နတ်သမီးတွေပဲ

လမ်းပေါ်မှာ

သစ်ရွက်ကလေးတစ်ရွက် ကြွေနေတာ

ကဗျာတစ်ပုဒ်ထဲက

စကားလုံးလေးတစ်လုံး ပြုတ်ထွက်နေသလိုပဲ

ဘတ်စ်ကားတွေက

ငါတို့ကို

ဘာတစ်ခွန်းမှမပြောဘဲ တင်သွား

ဘာတစ်ခွန်းမှ မပြောဘဲ ရပ်ပေးကြ

မျဉ်းကြားမှာ အခင်းပွားစရာမရှိ

ဝန်ကြီးချုပ်ကားလည်း ရပ်ရတယ်

မြေအောက်မီးရထားတွေက

ငါတို့ကို

ဘာသာစကား ၄၊၅မျိုးနဲ့ လမ်းပြ

အလေးချိန်မခိုး အလေအလွင့်မရှိ

အတိအကျသယ်ယူသွားကြတယ်

အမှိုက်တစ်စဟာ

လမ်းပေါ်မှာ စလိုက်ထိုးပြသလိုထင်ရှား

သူတို့ဘာကိုမျှ ပြီးစလွယ် မပစ်(စနစ်တကျသယ်ဆောင်

စနစ်တကျစွန့်ပစ်)

စည်းကမ်းကိုချစ်ကြတယ်

ဖြစ်နိုင်ရင်

သူတို့အရိပ်တောင် သူတို့

လမ်းပေါ်မှာ မစွန်းထေး မညစ်ပေစေရ

ဒီမှာ တနင်္ဂနွေများဟာ ရွှေတုံးရွှေခဲ

ဒီမှာ တနင်္ဂနွေများဟာ ကားတိုက်မှုမရှိ

ဒီမှာ တနင်္ဂနွေများဟာ တနင်္ဂနွေများပေါ်ခုန်တက်

ကမ်းခြေ၊ ပန်းခြံနဲ့ ကုန်တိုက်တွေဆီချီတက်

ပန်းချီကားတွေ

တစ်ခါသုံးမီးရထားစီးခ ကတ်ပြားပေါ်က

ဗင်ဂိုး၊ ဂေါ်ဂင်၊ မိုနေးနဲ့ ခေတ်ပေါ်

ကမ္ဘာကျော် ပန်းချီကားတွေ

သွေးတောင်းလို့

တစ်ကတ်ပြီး တစ်ကတ် ငါဝယ်ပြီး

မစီးဘဲ သိမ်းထားမိပုံတွေ

သွားရင်းလာရင်း လမ်းဘေးမှာ၊ လူငယ်

၂ ယောက်တည်း UNPLUGGED

ခင်ဗျား ကျွန်တော် အားလုံးဝင်ဆို UNPLUGGED

ဂီတ၊ ယဉ်ကျေးမှု၊ လူငယ်နဲ့ မြို့တစ်မြို့

ဘယ်လောက်လှသလဲ

မြူးဇစ်နဲ့ယိမ်းထိုးထွက်လာတဲ့ ရေပန်းအက၊ ဟိုးအဝေး

ငါးခန်ဓါကိုယ်နဲ့ ခြင်္သေ့မျက်လုံးထဲက

ပြေးထွက်ပုံဖော်လာတဲ့ နိုင်ငံတစ်ခုရဲ့ စာတန်း

ရေပန်းမှာလာစိုက်တော့ ငါပါးစပ်ဟမိ

ငါ့ပါးစပ်ဟာ ကမ္ဘာကြီးကို မိတော့တယ်။

ကြယ်တွေကုန်အောင် ငါအံ့သြ

သေငယ်ဇောနဲ့ မျောရတယ်

ကမ္ဘာကြီးထဲက ဒီလိုကမ္ဘာတွေ

ဒီလိုကမ္ဘာထဲက ဒီလို ၁၂ မျိုးဟင်းချိုတွေ

ဒီလိုလူ့အရင်းအမြစ်တွေဆီက

ပန်းထွက်လာတဲ့ မြို့တွေ

ညီလေးရေ အဲဒါကို ငါဝယ်ကျွေးချင်ရဲ့

ညီမလေးရေ မင်းကို အစ်ကိုဝယ်ပေးချင်ပါရဲ့

လက်ဖဝါးပေါ်

ဘွန်ဆိုင်းပင်တစ်ပင် တက်ရပ်နေသလို

ကျွန်းတစ်ကျွန်းပေါ်

နိုင်ငံတစ်နိုင်ငံ ပေါက်ရောက်နေပုံဟာ အံ့သြဖွယ်

အရင်က

မင်းတို့ငါတို့ကိုကြည့်ပြီး သူခြယ်သခဲ့သမျှ

သူမမေ့ သူ့အိမ်မှာ ငါတို့နာမည်နဲ့ လမ်းတွေတွေ့တော့

ငါ အံ့သြ

ဒါကြောင့်လည်း ဒါရောက်လာတာပဲလို့ ငါမပြောလိုတော့ဘူး

အခုအခံမရှိ လှတဲ့ရင်သားတွေ

ကျွန်းစုတွေရဲ့ ကြောက်မက်ဖွက်ကြွတက်နေပုံဟာ

ချောက်ချားဖွယ်

လမ်းတွေပေါ်မှာ အုပ်စုမဖွဲ့

(စနေ၊ တနင်္ဂနွေကလွဲရင် သူတို့ မပျံသန်း)

တစ်ယောက်နှစ်ယောက် အသွားအလာ

၎၊၅၊၆ယောက် မရှိ

၁ ယောက်ချင်း ကမ္ဘာကြီးကို ရင်ဆိုင်

လက်ထဲမှာ

စာအုပ်တစ်အုပ် သတင်းစာတစ်စောင်

လက်နက်ကို ကျမ်းစာကို တရားဓမ္မလို

ကိုင်တွယ်ရင်း

ကွေ့ဝင်သွားလာနေကြပေါ့ လူတွေ

လူတွေမှာ အပူတွေမရှိ၊ အနာဂတ်ကို

ခုထက်ဘယ်လို ထိုးဖောက်တိုက်စစ်ဆင်မလဲ စဉ်းစား

စားဖို့အတွက် လူမဖြစ်

တစ်ယောက် BMW ကားစီးဖို့

နောက်တစ်ယောက်က သူဌေးကြီးများစာရင်းဝင်ဖို့

တတိယလူက

တတိယကမ္ဘာကြီးထဲ ၀င်ရောက်ဖောက်ကားဖို့

သူတို့ ကမ္ဘာကြီးကိုဖောက်စားနေတာ

သက်သောင့်သက်သာ

မြစ်တွေလို မြို့တွေလို မြှုပ်ထားတဲ့ရှေးဟောင်းပစ္စည်းတွေ

တဗြုတ်ဗြုတ် ပြုတ်ထွက်နေသလို

တစ်စက္ကန့်အတွင်း

ကြယ်တွေ အစုလိုက် အစုလိုက် ပွင့်ပွင့်ထွက်နေသလို

မြို့ဟာ မဟာဂီတ

မကြာခဏ

မိုက်ကယ်ဂျက်ဆင်လာတယ်

ရော့ခ်စတီးဝပ်လာတယ်

မက်ဒေါနား၊ ခုဆို

ဘရစ်တနီစပီးယားနဲ့

အင်ဂျလီနာဂျိုလီတို့တောင် ရောက်နေလောက်ပြီ

တောင်နဲ့မြောက်ဝင်ရိုးစွန်းမှာ ခုနကဘာဖြစ်သွားသလဲ

ခု၊ ဒီမှာ ရပြီ

သူတို့လက်ထဲမှာ လက်ကိုင်ဖုန်းတွေကိုယ်စီနဲ့

ဘဝကို ဘဝနဲ့ ညီညွတ်အောင်

Bus Stand တွေမှာ

အစိုးရအဆောက်အအုံတွေမှာ

အဘိုးအဘွားတွေက တံမြက်စည်းလှည်း အမှိုက်တွေသိမ်း

သူတို့ရဲ့နေဝင်ချိန်တွေကို ထိန်းသိမ်းထားတယ်

ငါတို့ရပ်ကွက်ထဲ ဇိမ်ခံသူဌေးတွေ

ရွှေတွေညွှတ်နေသလို

သူတို့လည်ပင်း သူတို့လက်အတွင်းမှာ

ရွှေတွေညွှတ် လွတ်မြောက်လို့၊

ငါတို့သာ ငါတို့ပညာတွေ အကုန်ရပ်ထား

အတောင်ပံမဲ့ မိုးသားထဲပျံသန်း

ပြဿနာတွေ ရှင်းဖို့

၇၃ ထပ် ခေါင်းမိုးအထိ တက်ရတယ်

အဲဒီကတစ်ဆင့် သံမဏိကြိုးလက်သန်းလောက်နဲ့တွယ်ဆင်း

အလျား ၁ဝ ပေ၊ အနံ ၃ ပေခြင်းထဲမှာ

ဘဝကိုသိပ်ထည့်၊ လေထဲငှက်စာကျွေးသလို

ဘဝကိုထိုးကျွေး၊ ကိုယ့်အသက်ကိုယ်ပြန်ရွေးနေသလို

ကားတွေ လူတွေ

ငါတို့အောက်ကဖြတ်သွားဖြတ်လာတွေ ငုံ့ကြည့်ရင်း

ငါ့အတွက် ညနေခင်းတွေကျန်ပါတော့မလား စဉ်းစား

စဉ်းစားရင်း ငါပြုတ်ကျတော့မလို ငါ သေတော့မလို

ငါဟာ ငါနဲ့ ငါ့ကမ္ဘာထဲက လွတ်ထွက်သွားတော့မလို

အကြိမ်ကြိမ်ဖြစ်ပွား

အင်ဒိုနီးရှားတောမီးတွေလောင်တော့

မြို့ထဲ မီးခိုးတွေလှိမ့်ဝင်လာ အထပ် ၇ဝကျော်မှာ

ငါနဲ့ ငါ့သူငယ်ချင်းတွေ

ဘေးဘီဝဲယာ ဘာတစ်ခုမမြင်ရ

ဝေဝါးနေတဲ့ အနာဂတ်ဟာ ပိုပြီး ထူပိန်းသွားတယ်

ငါတို့ရှေ့မှာနံရံ အသက်နဲ့ရင်း ထမင်းအတွက်

အဲဒီနံရံကို သန့်ရှင်းလှပအောင် ပြင်ဆင်ရတဲ့ဘဝ

ခင်ဗျား ရဖူးပါရဲ့လား။

ငါတို့အိမ်မှာ ငါတို့ဟာသခင် ငါတို့ဟာ ဘုရင်

ငါတို့ဟာ ဘဝင်နဲ့

သင်ယူစရာ၊ သတ်သေစရာမရှိပေမဲ့

ငါတို့ဟာ အရှင်ပဲ

ဘာအတွက် ဘာတွေ တွက်ချက်ပြီး

ဘာတွေ မက် ဘာတွေ ဖက်လို့

ဘာတွေ ဘယ်သူ့ဆက်ဖို့ ရောက်လာသလဲ

ဒီနေရာ ငါပြန်ကြည့်

ငါပြန်ကြည့်လိုက်တော့ ငါနေရာ ငါမရှိ

မရှိတဲ့ငါ့နေရာ ငါ့မိသားစုလည်းမရှိ

ငါ့ကိုယ်ငါဈေးကွက်ထဲထိုးသွင်း

ကျွန်လို ကျွန်တံဆိပ်ရင်ဘတ်ထဲရိုက်သွင်း

ဒါမင့်ကြောင့်

မင်းအချစ် မင်းမေတ္တာတရား မင်းခန်ဓါကိုယ်တရားဆီက

ဘာတစ်ခုမှ စီးဆင်းမလာတဲ့အခါ

ငါအသွေးအသားနဲ့ ငါ့အနာဂတ်ကိုဖောက်ချ

မင်းဦးနှောက်ယိုစီးမှုကို

ငါက အရူးလိုတုန့်ပြန်

ပတ်ဝန်းကျင်နဲ့ မြို့တစ်မြို့က ရိုက်ထုတ်လိုက်တဲ့လွင့်စဉ်မှု

ကလေကချေလို ဂျစ်ပစီလို

ပင်လယ်ဓားပြလို ကိုလံဘတ်စ်လို

ဂျက်လေယာဉ် နောက်ကျောကျန်ခဲ့တဲ့ မီးခိုးတန်းလို

ငါတို့ဟာ ထွက်သွားခဲ့ရ

ခုတော့ ငါပြန်လာပြီ

ခဲလည်းမှန်၊ ဗုံးလည်းမှန်၊ အမှန်တရားကိုလည်း ထိမှန်

လစာမပေးလို့

စိတ်ခေါ်ရာ မှန်ချက်တွေ အထပ်လိုက်ရိုက်ခွဲပစ်ခဲ့ရာ

စိတ်ခေါ်ရာ ကြမ်းပြင်ပေါ်ဆေးပုံးတွေသွန်ချပစ်ခဲ့ရာ

စိတ်ခေါ်ရာ တွေ့သမျှဝါယာတွေလှီးဖြတ်

စိတ်ခေါ်ရာ တရားမဝင်အလုပ်သမားတွေရှိနေပါတယ်

တရားမဝင် အလုပ်သမားတစ်ယောက်ရဲ့

တရားမရှိ အလုပ်ရှင်တစ်ယောက်ကိုတိုင်တန်းရာ

ငါ့ကြွက်သား ငါ့ကုပ်သွေးတို့ တစ်စက်စက်ထွက်ကျရာ

ငါ့ဂုဏ်သိက္ခာ ငါ့လည်ဆံမွေးတို့ တဖွားဖွားလွင့်ကျရာ

ငါကျဆုံးရာ ငါ့သင်္ချိုင်း ငါ့စစ်မြေပြင်က ငါကုန်းထ

အခု ငါပြန်လာပေါ့

ငါ့မြေ ငါ့ဇာတိ ငါ့အမေ ငါ့နှမ ငါ့ဘဝကို ငါပြန်သိမ်းဖို့

ငါ့ကိုယ်ငါနဲ့ ငါ့တိုင်းပြည် ငါပြန်ရွေးဖို့ ငါပြန်လာခဲ့ပြီ

ငါပြန်လာခဲ့

ဘာသာစကားမတူ ခင်ဗျားဘာသားနဲ့ထုထု

ဂရုမစိုက်ဘူး

ကျုပ်စိုက်သမျှ ဓားဟာ အနီရောင်ပဲပွင့်တယ်

ပခုံးပေါက်မှာ စိုက်ထားတဲ့ ဦးခေါင်း

နေကြာပန်းလို နေကိုပဲစိုက်ကြည့်

ထစ်ခနဲဆို

မှားသလား၊ မှန်သလား၊ အချိန်မရ၊ နာရီမကြည့်

စပြီးဦးဆောင် စပြီးဖြိုခွဲ

“ရွှေ”ဆိုရင် “ရှဲ”ကြတဲ့အရပ်က ငါပြန်လာခဲ့ပြီ

အသက်ကို စက်ထဲပစ်ထည့်

ကိုယ့်ကိုယ်ကို နံရံထဲမြှုပ်ပစ်ခဲ့ရာ

သေဘေးနဲ့ အကြိမ်ကြိမ်ဝင့်ဆောင့်

ဆောက်တည်ရာမရ

မြေအောက်စတိုခန်းထဲမှာ

ဒီကောင် ကျွန်တော့်သွေးကိုစုပ်တယ်

ဒီကောင် ကျွန်တော့်လျှော့ပစ်တယ်

ငါးလူးငါးပျံ ငန်းဖမ်းသလို တစ္ဆေပူးသလို

ဒုစရိုက်အငိုက်မိ

ငါ့သူငယ်ချင်းက ငါ့စိတ်ကိုဖြုတ်ထုတ် ဆွဲနှုတ်ခဲ့ရာ

အရုပ်ကြိုးပြတ်နေရာက ငါပြန်လာခဲ့ပြီ

တချက်ငေး တချက်ထိမြို့ကြီးမှာ

မြို့ပတ်ရထားတွေပေါ် မတ်တပ်အိပ်ငိုက်လိုက်ပါ

ရထားအတွင်း

အဲယားကွန်းနဲ့အေးတော့ ပါလာတဲ့

ငါ့ကျောပိုးအိတ်ထောင့်တွေက

ကြမ်းပိုးတွေ တရွရွတက်လာတာကို ငါဖိချ

ကြမ်းပိုးတစ်ကောင်မှန်းမသိအောင် ကာကွယ်ရ

အဲဒီလိုနေရင်း

၉၆ပါးရောဂါနဲ့ ငါ့ရှေ့မှာလူတစ်ယောက် ရှော့ခ်ရ

ဘိုင်းခနဲ ရထားကြမ်းပြင်ပေါ်လဲကျ

အရေးပေါ် ရထားလည်းရပ်၊ ရဲတွေရောက်လာတော့

မယောင်မလည် ဘူတာထဲက ထိုးထွက်

အန္တရာယ်ကို မျက်ခြေဖြတ်ရတယ်

အဲဒီလို ကျီးလန့်စာစား

ကြက်အိပ်ကြက်နိုး ရိုးလို့

ငါဟာအိပ်ခဲ့ ငါ့မျက်လုံးထဲငါဝင်ကာ

ငါဟာအိပ်ခဲ့ နှစ်၂ဝကျော် အိမ်မှာအိပ်ခဲ့သမျှ

ဘူတာ၂ဝကိုဖြတ်ဖို့ ငါဟာ အလုပ်ကို

ညနေ ၅နာရီမှာ အိမ်ကစထွက် ဘူတာ ၂ဝ အဖျားမှာ

စက်ရုံဆီ ၄၅မိနစ် ဘတ်စ်ကားဆက်စီး

ည ၈နာရီမှာ အလုပ်ထဲဝင် အလုပ်ကိုစ

နှစ်ယောက်သုံးယောက်စာအလုပ်ကို တစ်ယောက်တည်းနဲ့စ

ည ၁၂နာရီ ၁ချက်မှာ Red Bull အချိုရည်တစ်ဘူးနဲ့

မျက်လုံးကိုတွန်းကန် ဒီလို မတန်တဆ

မတန်တဆမရတဲ့ အလုပ်မျိုး

(ဘယ်လုမျိုးမှ ၃၊၄ရက်ပိုမခံ)

ငါဟာ တစ်လခံသတ္တိနဲ့ဆက်လုပ်

မနက် ၈နာရီ ဂျူတီချိန်း

ငါပြန်တော့ ငါ့အိမ်မှာ ၁ဝနာရီ ဘယ်သူမှမရှိ

မရှိတဲ့အခန်းမှာ စားစရာလည်းအဆင်သင့်မရှိ

ယိုင်တိယိုင်ထိုး ရေမိုးချိုး

ကော်ဖီတစ်ခွက် ကြက်ဥကြော် ခေါက်ဆွဲခြောက်ပြုတ်

တစ်ခုခုနဲ့ လည်ချောင်းထဲတွန်းချ အိပ်ရာဝင်

မနက် ၁၁နာရီကျော်မှာ ငါဟာအိပ်ရာကိုဝင်

ပျော်သလား မပျော်သလား ငါမသိ ညနေ ၅နာရီမှာ

ငါ့သူငယ်ချင်းတွေနဲ့ ငါတေ့လွဲလွဲ

စက်တွေက

ငါ့အိပ်ရာနဲ့ ငါ့မိတ်ဆွေတွေကို လုယူသွားကြတယ်

ညမှာ

စက်ရုံရဲ့ တဒီးဒီး အော်မြည်သံတွေ အစားခံလို့

ငါတစ်ယောက်တည်း တွင်းနက်ကြီးထဲ ဝင်ခဲ့ရ

ငါတစ်ယောက်တည်း နေ့ခင်းတစ္ဆေအခြောက်ခံခဲ့ရ

စိန် ကျောက် နီလာ ပတ္တမြား

မြို့ကြီးရဲ့လမ်းမကြီးပေါ် ငါမတက်နိုင်အား

ငါ့ကိုယ်ငါ ခုတ်လှဲထားရတယ်

အခုတော့ အဲဒီခုတ်သားစတွေ ငါပြန်ယူ

ငါ့ကိုယ်ငါစုပြီး ငါပြန်လာခဲ့ပြီ

ခန်ဓါမှ ဆားပွင့်တွေတလက်လက်

ပင်လယ်က ပက်ထုတ်လိုက်တဲ့ငါး

ကန္တရပါးစပ်ထဲ ထိုးကျသွားသလို

ငါပြန်လာခဲ့ပြီ။

အတောင်ပံတွေ တောင်တွေနဲ့ငြိစွန်း

သွေးများသွန်ဆင်းရာ

အသက်ထက်အရေးကြီးတာ အသက်ပဲရှိ

ရှိတဲ့အသက်လေး ဖက်နဲ့ထုပ် ငါပြန်လာခဲ့ပြီ

ကျောက်ဆောင် ပင်လယ်ဓားပြ

မုန်တိုင်းနဲ့ မိုင်းတွင်းများထွန်းကားရာ

ကိုယ်လေးလက်ဝန် စက်လှေတစ်စီးရဲ့ မီးနေခန်း

ယောက်ျားဖောင်စီး ငါပြန်လာခဲ့ပြီ

ငါပြန်လာတော့ ငါ့အမေဟာ ငါ့အသံကိုမမှတ်မိ

“ပျောက်သွားလိုက်တာ” အမေဟာ မျက်ရည်ဒဏ်ရာတွေနဲ့

“အမေ ကျွန်တော် ဘာတစ်ခုမှ….”

အမေဟာ ကျွန်တော့်ပါးစပ်ဖျားကို သူ့လက်ဝါးနဲ့ပိတ်

“ငါ့သားကို ငါပြန်ရတဲ့အောင်ပွဲ

အမေဘာနဲ့လဲရမလဲ….တဲ့”

တကယ်တော့

ဒါဟာ တကယ့်ကြောက်စရာ

ကြောက်တွင်းကြီးတစ်ခုပါပဲ

ဆင်ခြေများ ဆက်ရာများ

အချက်အလက်ဒေတာများ ပေးစရာမရှိ

ကျွန်တော် လေယာဉ်ပျံကြီးစီးကာသွား

ရေကူးပြီးပြန်ခဲ့ကြောင်း

ကျွန်တော့်သူငယ်ချင်းတွေကို ခေါင်းလောင်းထိုး

နှိုးလိုက်ရုံပါပဲ ။ ။

ခရမ်းပြာထက်လူ

ပိတောက်ပွင့်သစ်၊ ၂ဝဝ၈။
ခေတ်ပြိုင်ကဗျာရှည်အချို့၊ စိတ်ကူးချိုချို စာအုပ်တိုက်၊ ၂ဝဝ၉ သြဂုတ်။

Sunday, 3 March 2013

ကျီးကန်း (မောင်ဖီလာ)

သူ့အသံက ဖမ်းဆုပ်ရခက်တဲ့ ပြဒါး
သမံတလင်းပေါ် လွတ်ကျသွားတဲ့ သေနတ်တစ်လက်
သူ ထပျံသွားတော့
ဝုန်းဒိုင်းကျဲပြီး ကျန်ခဲ့တဲ့သစ်ကိုင်း
သူ့အသားအရည်က
ပါးနပ်ဖျတ်လတ်ခြင်း
သူ့လက်မောင်းမှာ ထိုးထားတဲ့ဆေးမင်ကြောင်က
အမျိုးကိုထိရင် မချိအောင်နာတတ်သူ
သူ့အသည်းနှလုံးက
လူသွားလူလာများတဲ့ ပလက်ဖောင်း
သူပျံဝဲနေတဲ့ အနုပညာက
နေဆီ လွှင့်ပစ်လိုက်သော
အနက်ရောင် အ၀တ်စတစ်စ။     ။
(ပိတောက်မြေ မဂ္ဂဇင်း၊ အမှတ် – ၆၊ ဇွန်လ၊ ၂၀၀၃။)
(ကျီးကန်းနဲ့ ဘိုဟီးမီးယန်းများ – မောင်ဖီလာ၊ ကျော်မွှေးစာပေ၊ ၂၀၀၉။)

Tuesday, 26 February 2013

Thursday, 10 January 2013

ခုနှစ် နှစ် အတွေး

လုပ်ယူလို့မရတဲ့လူဆုတ်

မင်းဟာ လူရှုပ်

ငါသေရင် သောင်ပြင်လွှတ်တဲ့

ခွေးတော့ ဖြစ်ကြတော့မယ်

အမေပြောသလိုပေါ့

ခုနှစ် နှစ်သားနားထဲမှာ

ဒီစကားအတည်လား။တွေး။


                                           မင်းခိုင်မြဲ

" ခေတ် သားရဲ"


ဒီကဗျာကို ချရေးလိုက်ဖို့

ထောက်ရှု့ထားတဲ့ ထုလျှောက်လွှာလိုသေးသလား

ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာတဲ့

ခင်ဗျားတို့ပြောပြောနေတဲ့ ဘာသာဘာဝကြီးကနေ

သိမှု့ကိုတွန်းရွှေ့ကြည့်လိုက်တော့

ဒီလိုကြီးထွက်ကျလာတယ်

အမိန့်အရ အချစ်လက်ထပ်ကတိပြုလွှာတဲ့ လားကွယ်

ဇွတ်ပဲ..

:) :) :) (ခိုင်မြဲ သုံးခါ တိတိ ပြုံး)

ဟိုက်!!! စောက်ရေးမပါတာတွေ စောက်ရေးပါလာရင်တော့

စောက်ပြသနာတွေတော့ တက်တော့မယ်

ဆိုးသလားဆိုကာ ထောင်းနေသူများ

အား...

ဒီနေရာမှာ အမိန့်အရများကို အမိန့်အရအပေါင်ဆိုင်က အစ

အမိန့်အရ အရက်ဖြူဆိုင် အလယ်

အမိန့််အရ ဖြိုးခွင်းခြင်း အလတ်

အမိန့်အရ ကိုယ့်မေကိုယ် -ိုးဖို့ အဆုံး ထိ

ဆုံးသွားရာကို

စိတ်သွားရာအထိ ဘောလီဘော ပုတ်ကြည့်မယ်..

အထားနဲ့အနေနဲ့ အထိနဲ့အညှိနဲ့ဝါကျများ

ခင်ဗျားတို့ပြောတဲ့ ကဗျု့ကြီးလား ဘာလား ညာလား မသိကြီးနဲ့

ခေတ်တစ်ခေတ်ရဲ့ သားရဲ ပီသဖြစ်ခဲ့တယ်။               ။


                               မင်းခိုင်မြဲ

Tuesday, 6 November 2012

"မျှော်လင့်ခြင်းကကြိုးပေါ်မှ ခေါ်ဝေါ်မိလိုက်တဲ့နာမ်စား"


"မျှော်လင့်ခြင်းကကြိုးပေါ်မှ ခေါ်ဝေါ်မိလိုက်တဲ့နာမ်စား"

တိုးတိုးလေးခေါ်မိလိုက်တဲ့ ရင်ဝှက်တမ်း

မှတ်ကျောက်တင်စရာမလိုတဲ့ မှတ်ကျောက်ဟာ

ရင်ဘတ်ထဲမှာ အလျားပြည့် အနံပြည့်

ခုန်ပေါက်နေတဲ့ Lyric ကဗျာတစ်ပုဒ်

တောက်စားမိလိုက်တဲ့အချိန်ဟာ ပလုံဆိုပြီးတောင်

မမြည်တွန်မိလိုက်တာဟာ အချိအပြည့်ကြီး /အချိန်အပြည့်ကြီး

ခံတွင်းတွေ့သွားတာလား ဒဏ်ရာဟာပြင်းပြင်းရသွားတာလား

ဘာလား ညာလား ဘယ်လား ညာလား

အဲ့သည် "လား" ပေါင်းများစွာထဲမှာ ရှိတယ်

ခင်ဗျားအရသာတွေ့နေတဲ့ ပေါ်ပြူလာထဲမှာရှိတယ်

ညနေခင်းရဲ့ ပြတွင်း/ပြတင်းပေါက်ထဲက ရှု့မျှာ်ခင်းထဲမှာရှိတယ်

မောင်မြတ်သူရဲ့ မြောင်းမြမြို့ကို ချစ်တဲ့စိတ်ထဲမှာလည်းရှိတယ်

ခင်ဗျား ကဗျာကို  သိတဲ့ သိမှုထဲမှာရှိတယ်..

ကိုနေမြဲ မိန်းမ ချိုပိန်းနောင်မေးသလို

(အဲ့သည်လိုပြောရင် အဆင်ပြေမလား) ဆိုသလို

လိုချင်လဲလိုမယ် ပိုချင်လဲပိုမယ်ထဲမှာလဲ ပါတယ်      ဟေ့လူ

ဒါဆို မောင်ချာလီရဲ့ စပ်ကူးမတ်ကူးကာလထဲမှာရှိအုံးမယ်

လှည်းတန်း-အင်းစိန်လမ်းမပေါ်မှာ တစ်ခါတစ်လေရှိတယ်

မောင်ယုပိုင်ရဲ့ ပထမဦးဆုံး အချစ်ကဗျာမှာရှိတယ်

ကုန်ကုန်ကို လုံလုံ ပြောရရင်

ကျွန်တော်ရဲ့ G mail ထဲမှာ မောင်မြတ်သူပြောတဲ့ ဖွဘုတ်ထဲမှာ

မောင်ပြည့်မင်းရဲ့ တကယ်ဆိုဖြစ်တဲ့သီချင်း ထဲမှာ

အခန်းထောင့်က အံဝှက်ထဲမှာ တက္ကသိုလ်ဝင်တန်းအောင်စာရင်း ကြည့်ချိန် ထဲမှာ

ပင့်တင်လိုက်တဲ့ ဟောဒီ့စကားလုံးတွေထဲမှာ နှလုံးသားကိုထုခွဲ

ဂိုဏ်းမကွဲသေးတဲ့ စစ်တပ်ထဲမယ်လို အမျိုးသားအရေးထဲ

အမျိုးသမီးရေးပါ (မပါ) တဲ့ပြောသင့်လား မသိ (တသိ) ပြောမိတဲ့

ရင်ဝှက်တမ်းရဲ့အရေးသားဟာ  ထင်ရှူးပင်တန်းထဲ ဖို နဲ့ မ ဟာ

စိတ်မငြိမ် လက်မငြိမ် လို့  နိမ့်ပြီးပြောလိုက်မယ်..

ကျွန်တော့် ရင်ဘတ်ထဲက နာမ်စားဟာ "ငယ်"။              ။


                                                                            မင်းခိုင်မြဲ

Thursday, 11 October 2012

စိတ်အခြေအနေပြဇယား/သူ့အကြောင်း


အခန်းထဲမြည်သံပေးပြီး ထွက်လာတဲ့အရာက
မင်းအားကုန်ပြေးကန်လိုက်တဲ့ ဘောလုံးလို
သူ့အကြောင်းဟာ မှန်ပြတင်းကို ၀င်မှန်ပြီး
သူ့လျှာပေါ်ကျကွဲသွားတယ်။
အခုသူ့အကြောင်း အခန်းတံခါးကိုစောင့်ဖွင့်ပြီး
ဝရံတာက ထိုးပျံသွားတယ်
အခုသူ့အကြောင်း ကွာလာလန်ပူမြို့က
KLCC TOWER ပေါ်တက်နေပြီ
အခုသူဟာ မင်းရှေ့မှာလှလှကြီး လွှင့်မြောနေတယ်မို့လား
ညနက်နက်ထဲ မင်းရှေ့မှာတင် ပျော်ဝင်သွားပြီမို့လား
အခုသူ့အကြောင်း
မင်းမကောင်းဘူးဆိုတာ သတင်းလို အတင်းလို့
အတင်းလွှင့် သတင်းလွှင့်နေတယ်။
ဆယ်တန်းဂုဏ်ထူးသုံးဘာသာနဲ့ အောင်တယ်လို့ ညာတဲ့သူ့အကြောင်း
ရွာထိပ်က သောက်ရေကန်လို လူ့အကျိုးပြုတော့မယ်ဆိုတဲ့ သူ့အကြောင်း
သစ်သစ်လွင်လွင် သစ်ပင်ထပေါက်နိုင်တဲ့ သူ့အကြောင်း
အရမ်းပိန်သွားတယ် ညအိပ်မပျော်ရင် VITAHOMEသောက်ဆိုတဲ့
မင်းအမှာတော်ပါးသံကို သူမေ့နေတယ်
မင်းဆွယ်တာကောင်းကောင်း ထိုးတတ်တဲ့အကြောင်းကို သူမစဉ်းစားမိတော့ဘူးတဲ့
ရုပ်ရှင်ကြည့်တာနှစ်သက်ပြီး ယနေ့အထိ ရုပ်ရှင်ရုံမရောက်ဖူးတဲ့မင်းကိုလှောင်ပြောင်နေတယ်။
အခုသူ ကီလီမန်ဂျာရိုကတဲ့ ဇာတ်သဘင်ပွဲကို ပိုက်ဆံမပေးရတဲ့ရုံပေါက်က
မင်းကို စောင့်ကန်သွင်းသွားတယ်
သူဟာ စားပွဲခုံမှာ မင်းကိုထိုင်ခိုင်းပြီး ထထွက်သွားရင် အတော့် အတော်ကြာမှ
ပြန်ရောက်လာတယ်မို့လား
အခုသူ "လှလှကြီး" ကဗျာစာအုပ်ကို ဖတ်နေတယ်
အခု သူ အနှစ်သက်ဆုံးကလွင့်နေခြင်းပဲ
အခု သူ စက်ဘီးလေးစီးပြီး ထွက်သွားလိုက်တာ
မြောင်းမြသားသောက်ရူးတစ်ကောင်နဲ့သောက်ဖောင်းသွားထုတာဖြစ်မယ်
အခုသူ့အကြောင်းကို သူလစ်တာနဲ့ သူမကောင်းဘူးဆိုတာ
မင်းကောင်မလေးကိုပြောပြလိုက် လုပ်မယ်ဆိုရင် လုပ်ရမှဆိုတဲ့ သူ့အကြောင်း
သူကောင်းကောင်းသိတယ်
လွယ်အိတ်ကို ပခုံးမှာသိုင်းလွယ် ဘွဲ့ရပြီးသားစတိုင်နဲ့သူ့အကြောင်းကို
ယစ်ပလ္လင်ပေါ်ခေါင်းထိုးတင်ပြီး ဓါးနဲ့ခုတ်လဲ
ပုလ္လင်နဲ့ဓါးမှာ သူ့မနက်ဖြန်ဟာ ရမ္မက်ထန်ပြီး စွဲကျန်တယ်။           ။

PS: အရိပ်အချို့မိုးနေမယ်ဆိုတာတော့ ၀န်ခံပါတယ် ဆရာတို့ခင်ဗျာ..
      ကျွန်တော်မကျွမ်းကျင်တဲ့ဟန်နဲ့အရေးအသားမို့ပါ။  

                                                                                                 မင်းခိုင်မြဲ